ဆီးသွားရတာ ပူစပ်ပူလောင်ဖြစ်နေပြီဆိုရင်
ကျန်းမာနေတဲ့ လူ့ခန္ဓာကိုယ်ဟာ ပြင်ပအပူချိန်နဲ့ ကိုယ်တွင်းကလီစာများ လှုပ်ရှားဆောင်ရွက်မှုတွေကြောင့် ကိုယ်တွင်းအပူချိန်တစ်ခုကို ထိန်းထားရတဲ့အတွက် ဆီး၊ သွေးတွေဟာ အနည်းငယ် ပူနွေးနေတတ်ပါတယ်။ ဒါပေမယ့် လိုတာထက် ပိုပြီး ဆီးပူနေတယ်၊ ဆီးသွားနေတဲ့တစ်ချိန် ဆီးလမ်းကြောင်းတစ်လျှောက် ပူစပ်ပူလောင်ဝေဒနာကို ခံစားနေရတယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။
ဆီးလမ်းကြောင်းတစ်လျှောက် ပူစပ်ပူလောင်ဖြစ်တာအပြင် တခြားသိသာတဲ့ လက္ခဏာတွေကတော့
- လိင်အင်္ဂါနဲ့ ဆီးလမ်းကြောင်းမှာ ရောင်ရမ်းနေခြင်း
- မိန်းမကိုယ် သို့မဟုတ် လိင်တံထိပ်မှ ပုံမှန်မဟုတ်တဲ့ အရည်များ စိမ့်ထွက်နေခြင်း
- အဖျားတက်ခြင်း
- ဆီးနံ့ အောက်သိုးသိုးဖြစ်နေခြင်း
- ဆီးအရောင်နောက်ကျိနေခြင်း
- မကြာခဏ ဆီးသွားချင်စိတ်ဖြစ်နေတတ်ခြင်း
- ဆီးသွားရန် ခက်ခဲခြင်း
- မူးဝေအော့အန်ခြင်း
- ဝမ်းဗိုက်နဲ့ ခါးမှာ နာကျင်မှုဝေဒနာဖြစ်ခြင်း စတဲ့ လက္ခဏာတွေကိုပါ တွဲဖက်တွေ့ရနိုင်ပါတယ်။
ယောက်ျားလေးတွေမှာဖြစ်စေ၊ မိန်းကလေးတွေမှာဖြစ်စေ ဆီးပူစေတဲ့ အဓိကကျန်းမာရေးပြဿနာကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ကြောင့်ပါပဲ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းဟာ E. coli လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးဟာ ဆီးလမ်းကြောင်းအတွင်း ဝင်သွားခြင်းကြောင့် ဖြစ်တာပါ။ ရောဂါလက္ခဏာအနေနဲ့
- ဆီးသွားစဉ် နာကျင်မှုဝေဒနာခံစားရခြင်း
- မကြာခဏ ဆီးသွားချင်စိတ်ဖြစ်ခြင်း
- ဆီးသွားပြီးတဲ့တိုင် နောက်ချက်ချင်း ဆီးထပ်သွားချင်စိတ် ဖြစ်လာခြင်း
- ဆီးနံ့ အောက်သိုးသိုးဖြစ်ခြင်း
- ဆီးထဲ သွေးပါနေခြင်း စတာတွေကို တွေ့ရနိုင်ပါတယ်။
အခြေအနေ အများစုမှာတော့ ပဋိဇီဝပိုးသတ်ဆေးနဲ့ အလွယ်တကူ ကုသပျောက်ကင်းနိုင်ပါတယ်။ မကုသဘဲ ပစ်ထားတဲ့အခါ လိင်ဆက်ဆံခြင်းမှတစ်ဆင့် ဆီးလမ်းကြောင်းက ပိုးများ ကိုယ့်အဖော်ရဲ့အင်္ဂါအတွင်း ကူးစက်နိုင်သလို ပိုးရှိနေသူရဲ့ ကျောက်ကပ် သို့မဟုတ် တခြားကိုယ်တွင်းအင်္ဂါတွေကိုပါ ဒုက္ခဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။
ဒုတိယအဖြစ်အများဆုံးကတော့ လိင်မှတစ်ဆင့် ကူးစက်ရောဂါ (STDs) တွေကြောင့်ပါ။ အထူးသဖြင့် ဂနိုရောဂါ၊ ခလက်မီးဒီးယားရောဂါတွေဟာ ဆီးသွားတဲ့အခါ ပူစပ်ပူလောင်ဖြစ်တဲ့ ခံစားချက်ကိုရစေပြီး မိန်းမကိုယ် သို့မဟုတ် လိင်အင်္ဂါကနေလည်း ပုံမှန်မဟုတ်တဲ့ အရည်တွေ စိမ့်ထွက်လာနိုင်ပါတယ်။ ယောက်ျားလေးတွေမှာဆိုရင် ဝှေးစေ့ရောင်ရမ်းခြင်း၊ နာကျင်ခြင်းကိုပါ ခံစားရနိုင်ပါတယ်။ သွေးစစ်ခြင်းဖြင့် ရောဂါရှိတဲ့အဖြေထွက်လာတဲ့အခါ သင့်တော်တဲ့ ပိုးသတ်ဆေးများဖြင့် ကုသမှုခံယူပြီး အလွယ်တကူ သက်သာပျောက်ကင်းနိုင်ပါတယ်။
တခြားပြဿနာအနေနဲ့ ကြည့်မယ်ဆိုရင်
- ဆီးလမ်းကြောင်းအတွင်း ဒဏ်ရာဖြစ်ခြင်း
- ပြင်ပလိင်အင်္ဂါမှာ ဖြစ်တဲ့ ဒဏ်ရာဟာ အတွင်းထိ နက်နေခြင်း
- ဆီးအိမ်တစ်ရှူးထိခိုက်မိခြင်းကြောင့် အရည်အိတ်ရောင်ရမ်းခြင်း
- ရေနဲ့ အရည်သောက်နည်းခြင်း
- ရောဂါအတွက် ဆေးပြင်းများ စွဲသောက်နေရခြင်း
အမျိုးသမီးတွေမှာဆိုရင်
- ကလေးမွေးပြီးနောက် မိန်းမကိုယ်နဲ့ စအိုကြားနေရာ စုတ်ပြဲခြင်း
- မိန်းမကိုယ်တွင်း ပိုးဝင်ခြင်း
- မိန်းမကိုယ်မှိုစွဲခြင်း
- သွေးဆုံးပြီးနောက် မိန်းမကိုယ်တွင်း တစ်ရှူးနဲ့ တည်ဆောက်ပုံ ပြောင်းလဲခြင်း
အမျိုးသားတွေမှာဆိုရင်လည်း
- ကင်ဆာမဟုတ်တဲ့ ဆီးကျိတ် ရောင်ရမ်းနာကျင်ခြင်း
- သုက်ပို့ပြွန်ရောင်ရမ်းခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
များသောအားဖြင့် ဆီးပူစပ်ပူလောင်ဖြစ်ခြင်းဟာ ကျန်းမာရေးပြဿနာကြောင့်ဆိုရင်တောင် ပျောက်ကင်းသက်သာဖို့ အလွန်လွယ်ကူပါတယ်။ သာမန်ဆီးလမ်းကြောင်း ပိုးဝင်ခြင်းမှာတောင် ရောဂါမပြင်းထန်ဘူးဆိုရင် ရေများများသောက်ပေးတာ၊ အချဉ်ပါတဲ့ အသီးအနှံတွေ စားပေးတာ၊ အပူအစပ်ရှောင်တာ စတာတွေနဲ့ သက်သာအောင် လုပ်ပေးလို့ရပါတယ်။
- အဖျားအလွန်ကြီးတာ
- ခါးနာတာ
- ထိန်းချုပ်မရအောင် အော့အန်နေတာ
- အပေါ်မှာ ပြောထားခဲ့တဲ့ လက္ခဏာတွေကို ၂-၃ ရက်ထက်ပိုပြီး ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး သေချာကုသမှုခံယူသင့်ပါတယ်။
Source: https://www.medicalnewstoday.com/articles/321654#what-is-normal
ရေးသားသူ - ရဲမျိုးမြတ်